မကာအိုအထူးအုပ်ချုပ်ရေးဒေသတွင် ကျင်းပသည့် (၂၃) ကြိမ်မြောက် မကာအိုနိုင်ငံတကာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပြပွဲသို့ တက်ရောက်ရန် ဟောင်ကောင်မြို့သို့ ရောက်ရှိလာသည့် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဟောင်ကောင်မြို့သို့ ဖြတ်သန်းရောက်ရှိစဉ် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အစိုးရ၊ အုပ်ချုပ်ရေးမှူးချုပ် Mrs. Carrie Lam Cheng Yuet-ngor အား ၁၆-၁၀-၂၀၁၈ ရက်နေ့ တွင် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ မြန်မာအစိုးရမှ ဆောင်ရွက်လျက်ရှိသော အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်အတွက် လေ့ကျင့်သင်ကြား ရေးဆိုင်ရာ အကူအညီပေးရေးနှင့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းများ ပေးအပ်သွားရေး၊ အသက်မွေးဝမ်းကြောင်းပညာ လေ့ကျင့်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာလှည့် ခရီးသွားမြှင့်တင်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးကဏ္ဍတွင် နှစ်ဖက်တက္ကသိုလ်များ အကြား ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်သွားရေး၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေးနှင့်ပတ်သက်၍ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ အတွေ့အကြုံဖလှယ် မျှဝေရေးလုပ်ငန်းများအား ဆွေးနွေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကာအိုဒေသ၌ မကာအိုအုပ်ချုပ်ရေးမှူးချုပ်ဟောင်း၊ တရုတ် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၊ ဒုတိယဥက္ကဋ္ဌ၊ Mr. Edmund Ho Hau Wah အား ၁၈-၁၀-၂၀၁၈ ရက်နေ့တွင် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် မကာအိုအထူးအုပ်ချုပ်ရေးဒေသ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများအား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိ ကြောင်း၊ မြန်မာနိုင်ငံနှင့် မကာအိုဒေသအကြား ခရီးသွားလာရေးမြှင့်တင်မှုဆိုင်ရာလုပ်ငန်းများ၊ မကာအို၏အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီး မြှုပ်နှံရန် ဖိတ်ခေါ်ခြင်းနှင့် ပေါ်တူဂီဘာသာစကားပြောနိုင်ငံများနှင့် ဆက်သွယ်ရန် စင်္ကြံတစ်ခုဖြစ် မကာအိုဒေသကို အခြေပြု၍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ ကြပါသည်။

ပြည်ထောင်စုဝန်ကြီးသည် ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုများ ပိုမို လာရောက်ရန် အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆွေးနွေးပွဲကို ဟောင်ကောင်မြို့ Island Shangri-la ၌ ကျင်းပပြုလုပ်ခဲ့ရာ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အတွင်းဝန် (ဝန်ကြီး) Mr. Edward Yau Tang-wah နှင့် အခြားသော အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ၊ ဟောင်ကောင်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ၊ ဟောင်ကောင်ကုန်ထုတ်လုပ်မှုကောင်စီ၊ ဟောင်ကောင်စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လိုသည့် ဟောင်ကောင်အခြေစိုက်လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိသည့် ဟောင်ကောင်စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ ကြပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များသည် ၁၈-၁၀-၂၀၁၈ ရက်နေ့တွင် (၂၃) ကြိမ်မြောက် မကာအိုနိုင်ငံတကာကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပြပွဲအခမ်းအနား၊ ပေါ်တူဂီစကား ပြောနိုင်ငံများ၏ ထုတ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုပြပွဲ ဖွင့်ပွဲအခမ်းအနား၊ မကာအိုအာဆီယံ နိုင်ငံ တကာကုန်သည်ကြီးများအသင်းမှ ကြီးမှူးကျင်းပသည့် အာဆီယံပြခန်းများ၏ ဖွင့်ပွဲအခမ်း အနား များသို့ တက်ရောက်ခဲ့ပြီး မကာအိုအထူးအုပ်ချုပ်ရေးဒေသအစိုးရ၊ အုပ်ချုပ်ရေးမှူးချုပ် Mr. Fernando Chui Sai On မှ ဧည့်သည်တော်ဝန်ကြီးများအား လက်ခံတွေ့ဆုံသည့် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ညပိုင်းတွင် မကာအို ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးဌာန၊ ဥက္ကဋ္ဌမှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါပြပွဲသို့ ပြည်ထောင်စု ဝန်ကြီးနှင့်အတူ မိုဇမ်ဘစ်နိုင်ငံမှ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန ဝန်ကြီး Mr. Ragendra de Sousa လည်း တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် ခရီးစဉ်အတွင်း မကာအိုလူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအတွင်းဝန် (ဝန်ကြီး) Mr. Alexis Tam Chon Weng နှင့်တွေ့ဆုံကာ မြန်မာနိုင်ငံနှင့် မကာအိုဒေသတို့ အကြား ယဉ်ကျေးမှုဖလှယ်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြ ပါသည်။ ထို့ပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဆွေးနွေးပွဲကို Macau Science Museum ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ လျှပ်စစ်၊ စက်မှု၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်နိုင်ဦး၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးမျိုးသူနှင့် မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများ အသင်းချုပ်၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လေး တို့ လိုက်ပါသွားကြပါသည်။

 
announcement 23
announcement 24
 
announcement 25
announcement 26
 
announcement 27
announcement 28
 
announcement 29
announcement 30
 
announcement 31
announcement 32
 
announcement 33