ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၈-၆-၂၀၁၈ ရက်နေ့ နံနက်ပိုင်း တွင် Hong Kong Convention and Exhibition Centre ၌ ကျင်းပပြုလုပ်သည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။ ယင်းအစည်းအဝေးသို့ ထိုင်း နိုင်ငံ၊ ဒုတိယဝန်ကြီးချုပ် Dr. Somkid Jatusripitak ၊ ကမ္ဘောဒီးယားနိုင်ငံ ပြည်သူ့ရေးရာနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန၊ Mr. Lim Sidenine ၊ ဗြိတိန်နိုင်ငံ ကုန်သွယ်ရေးနှင့် ပို့ကုန်တိုးတက်ရေး ဌာနဝန်ကြီး Ms. Boroness Fairhead ၊ ဂျော်ဂျီယာနိုင်ငံ၊ စီးပွားရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Genadi Arveladze၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr. Ning Jizhe ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Ms. Gao Yan နှင့် နိုင်ငံပေါင်း (၅၅)နိုင်ငံမှ ကိုယ်စားလှယ်ပေါင်း (၅၀ဝ၀)ကျော်ဦး ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနား သို့ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရ၊ အုပ်ချုပ်ရေးမှူးချုပ်၊ Mrs. Carrie Lam Cheng Yuet-ngor မှ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါသည်။
၂၈-၆-၂၀၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဟောင်ကောင်ကူးသန်းရောင်းဝယ် ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအတွင်းဝန် (ဝန်ကြီး) Mr. Edward Yau Tang-wah မှ Panel Chair အဖြစ် ကျင်းပ ပြုလုပ်ခဲ့သည့် မျက်နှာစုံညီ နေ့လယ်စာစားပွဲ (luncheon plenary) တွင် ဂျော်ဂျီယာ၊ ဗြိတိန်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ဝန်ကြီးများနှင့်အတူ ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပါဝင်ဆွေးနွေးခဲ့ပါသည်။ ညပိုင်းတွင် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များအား Dashun Foundation မှ တည်ခင်းဧည့်ခံသည့် ASEAN Night ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါညစာစားပွဲတွင် ပြည်ထောင်စုဝန်ကြီးမှ အာဆီယံအဖွဲ့ဝင်နိုင်ငံ များနှင့် ဟောင်ကောင်ဒေသတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အလားအလာကောင်းများ နှင့်ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများနှင့် ပတ်သက်၍လည်းကောင်း မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါသည်။




