(၂၅-၉-၂၀၂၁ ရက်၊ နေပြည်တော်)
ဂျီနီဗာမြို့တွင် ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၄၈)ကြိမ် မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံအပေါ် ဆန့်ကျင်သည့် ဆွေးနွေးမှု(၃)ခုကို သက်ဆိုင်ရာ မြန်မာနိုင်ငံမပါဝင်ဘဲ ကျင်းပခဲ့သည်။ ထိုဆုံးဖြတ်ချက်သည် အပြန်အလှန် ဆွေးနွေးမှုများ၏ အနှစ်သာရကို လျစ်လျူရှုကာ နိုင်ငံတစ်နိုင်ငံ၏ မျက်ကွယ်တွင် တစ်ဖက်သတ် ပြုလုပ်သည့်ကိစ္စဖြစ်သောကြောင့် လူ့အခွင့်အရေးကောင်စီတွင် အန္တရာယ်ရှိသော အစဉ်အလာ ကို ဖြစ်ပေါ်စေခဲ့သည်။ ယင်းအပြုအမူသည် လူ့အခွင့်အရေးကောင်စီကဲ့သို့ မူဝါဒကို စောင့်ထိန်း သည့် ယန္တရားကိုယ်တိုင်က ၎င်းချမှတ်ထားသည့် မူဝါဒများနှင့် ဦးတည်ချက်များကို လေးစားလိုက်နာခြင်း ရှိ-မရှိ မေးခွန်းထုတ်ဖွယ်ပင် ဖြစ်သည်။ မြန်မာကိစ္စ အစီရင်ခံချက်များတွင် ပါရှိသော အကြောင်းအရာများမှာ တိကျမှန်ကန်ခိုင်လုံမှုမရှိဘဲ လိုရာဆွဲယူဖော်ပြထားသော စွပ်စွဲချက်များသာ ဖြစ်သောကြောင့် အဆိုပါ စောင့်ကြည့်အစီရင်ခံရေး ယန္တရားများသည် မည်သူ့ကိုမှ အကျိုး မပြုကြောင်း တွေ့ရှိရပါသည်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) သည် ၁၃-၉-၂၀၂၁ ရက်တွင် လူ့အခွင့်အရေးကောင်စီသို့ အစီရင်ခံခဲ့သည်။ ယင်းယန္တရား၏ လုပ်ပိုင်ခွင့်နှင့် ရည်ရွယ် ချက်များကို စတင်တည်ထောင်ကတည်းက မြန်မာနိုင်ငံမှ အသိအမှတ် မပြုကြောင်း ကြေညာခဲ့ ပြီး၊ အကြိမ်ကြိမ် ရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်သည်။ အဆိုပါ ယန္တရားမှ တောင်းဆို ချက်များသည် လူ့အခွင့်အရေးကို ယိုးမယ်ဖွဲ့၍ နိုင်ငံရေးသွပ်သွင်းမှုသာဖြစ်ရာ အကျိုးဆက် အနေဖြင့် အခြားအလားတူ ယန္တရားများနှင့် အစီရင်ခံစာများကဲ့သို့ပင် ထပ်ဖန်တလဲလဲ ဖော်ပြထားသော စွပ်စွဲချက်များကိုသာ ထွက်ပေါ်စေပါသည်။
မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူက ၂၂-၉-၂၀၂၁ ရက်တွင် နှုတ်ဖြင့် အစီရင်ခံစာတင်သွင်းခဲ့သည်။ အထူးအစီရင်ခံစာတင်သွင်းသူတို့ လိုက်နာရမည့် ကျင့်ဝတ်တွင် ၎င်း၏ကောက်ချက်များကို သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများထံ ပထမဆုံး ပေးပို့ရန်နှင့် လူ့အခွင့်အရေးဆိုင်ရာစွပ်စွဲချက်များအပေါ် အများပြည်သူသို့ ထုတ်ဖော် ပြောကြားရာတွင် သက်ဆိုင်ရာ နိုင်ငံ၏တုံ့ပြန်ချက်များကို ထည့်သွင်းဖော်ပြရန်ပါရှိသည်ကို ချိုးဖောက်ထားကြောင်း တွေ့ရပါသည်။ အထူးအစီရင်ခံစာတင်သွင်းသူက ၎င်း၏ကျင့်ဝတ်ကို လိုက်နာရန် ပျက်ကွက်ခဲ့ခြင်းကြောင့် တစ်ဖက်သတ်အစီရင်ခံမှုများ ဖြစ်ပေါ်စေကာ နိုင်ငံတကာ အသိုက်အဝန်းကို မြန်မာနိုင်ငံအပေါ် အထင်အမြင် လွဲမှားစေခဲ့သည်။ ထို့ပြင် NUG အမည်ရှိ အကြမ်းဖက် အဖွဲ့က လက်နက်ကိုင်အကြမ်းဖက်မှုများ အရှိန်မြှင့်တင် တိုက်ခိုက်ရန် ၇-၉-၂၀၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်နှင့်ပတ်သက်၍ အများက စိုးရိမ်ပူပန်နေကြစဉ်တွင် အထူး အစီရင်ခံစာတင်သွင်းသူက ယင်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို အမွှမ်းတင်ထား ကြောင်း တွေ့ရသည်။
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးသည် ၎င်း၏အစီရင်ခံစာကို ၂၃-၉-၂၀၂၁ ရက်တွင် ကောင်စီသို့ တင်ပြခဲ့ပြီး ယင်းအစီရင်ခံစာတွင် ၉-၄-၂၀၂၁ ရက်၊ ပဲခူးတိုင်း၌ ဖြစ်စဉ် ကြောင့် လူပေါင်း (၈၀) ကျော် သေဆုံးခဲ့ကြောင်း စွပ်စွဲထားသည်။ အဆိုပါနေ့တွင် ပဲခူးတိုင်းရှိ နယ်မြေအချို့ကို ထိန်းချုပ်ရန်ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်လက်နက်ကိုင်များက လမ်းအချို့ကို စီးနင်းထားခဲ့သည်။ လုံခြုံရေးတာဝန်ရှိသူများက အတားအဆီးများကို ဖယ်ရှားစဉ် လက်နက်ကိုင်တစ်ဦး သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် နှစ်ဦီးဒဏ်ရာရရှိခဲ့သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍လည်း မြန်မာအစိုးရက ဖြစ်ရပ်မှန်သတင်းများကို တရားဝင်ထုတ်ပြန်ထားခဲ့ပြီး ဖြစ်သည်။ ရည်ရွယ်ချက် ရှိရှိဖြင့် ချဲ့ကားထားသည့် ယင်းကိန်းဂဏန်း၏ သတင်းရင်းမြစ်တွင် သေဆုံးသူများကို “အမည်မသိ ၅၄ ဦး” ဟုသာ ဖော်ပြလျက်၊ ကျန်ထိခိုက်သည်ဆိုသူများနှင့် စပ်လျဉ်း၍လည်း စိစစ်နိုင်သော အချက်အလက်များ မပါဝင်ကြောင်း တွေ့ရှိရသည်။ သတင်းမှားများကို အခြေခံသည့် စိတ်ခံစားချက်နှင့် အချက်အလက်ကို ခွဲခြားရန်ပျက်ကွက်သော အစီရင်ခံစာရေးသားသူများ၏ ပညာရှင်ဆန်မှုနှင့် အရည်အသွေးမှာ မေးခွန်းထုတ်ဖွယ် ဖြစ်သည်။
မြန်မာနိုင်ငံ၌ လက်ရှိနိုင်ငံရေးအခြေအနေဖြစ်ပေါ်ရသည့် အကြောင်းရင်းဖြစ်သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်း ၁၁.၃ သန်း (သို့မဟုတ်) တစ်နိုင်ငံလုံးရှိမဲဆန္ဒရှင်များ၏ ၂၉ ရာခိုင်နှုန်းရှိ မဲမသမာမှုများကို ယင်းအစီရင်ခံချက်အားလုံးတွင် သိသာစွာ လျစ်လျူရှုထား သည်။ ထို့ပြင် NUG ၊ CRPH နှင့် PDF တို့ကကျုးလွန်သည့် အကြမ်းဖက်မှုများကို လျှော့ပေါ့ဖော်ပြထားသည်။ ဥပဒေနှင့်အညီ တည်ရှိနေသော နိုင်ငံရေးပါတီများမှ ပါတီဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ နှင့် အပြစ်မဲ့ပြည်သူစုစုပေါင်း ၇၉၉ ဦးသည် နိုင်ငံရေးအမြင်ကွဲပြားမှု Civil Disobedience Movement ခေါ်လှုပ်ရှားမှုတွင် မပါဝင်မှုနှင့် သတင်းပေးဟု စွပ်စွဲခံရမှုတို့ကြောင့် သတ်ဖြတ်ခံရသည့် ကြောက်မက်ဖွယ် ကိန်းဂဏန်းကို ယင်းအစီရင်ခံစာများတွင် ဖုံးကွယ် လျစ်လျူရှု ထားပါသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ နေရာများကို ယင်းအကြမ်းဖက်အဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် ကျန်းမာရေးဝန်ထမ်းများနှင့် အရပ်သား ပြည်သူများ သေကြေဒဏ်ရာ ရရှိမှုများမှာ မျက်ကွယ်ပြု၍မရအောင် ထင်ရှားပါသည်။
နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ချမှတ်ထားသည့် လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက် များနှင့် မမျှတသော လုပ်ပိုင်ခွင့်များသည် အောင်မြင်မှုရရှိသည်ကို မြင်တွေ့ခဲလှသည်။ ယင်းယန္တရားများက နိုင်ငံအတွင်း စိတ်ဝမ်းကွဲပြားမှုများနှင့် အထင်အမြင်လွဲမှားမှုများကိုသာ ဖြစ်ပေါ်စေသည်။ ယင်းယန္တရားများသည် မြန်မာနိုင်ငံက ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဖြေရှင်းရန် အထောက်အကူမပြုသည့်အပြင် အဟန့်အတား ဖြစ်စေပါသည်။ သို့ဖြစ်၍ ယင်းသို့ နိုင်ငံတစ်နိုင်ငံတည်းအပေါ် ပစ်မှတ်ထားသော ယန္တရားများ၏ အစီရင်ခံစာများနှင့် ပြောကြားချက်များကို မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချလိုက်သည်။